Monday, August 1, 2016

မိတ်ဆွေတု

လူရယ်လို့ဖြစ်လာရင် တစ်ယောက်ထဲရပ်တည်လို့မရပါဘူး.... မိသားစု၊ ပတ်ဝန်းကျင်၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်၊ အသင်းအဖွဲ့၊ နိုင်ငံ စသဖြင့် အဖွဲ့အစည်းအမျိုးမျိုးမှာ လူအမျိုးမျိုးနဲ့ နေ့စဉ်ဆက်သွယ် ပူးပေါင်းနေရပါတယ်... တစ်ဦးတစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ဦးတစ်ယောက်ကဖြည့်ဆည်းရင်း အပြန်အလှန် အမှီသဟဲ ပြုနေကြရပါတယ်...

အဲ့ဒီလိုနဲ့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးခိုင်မာလာတဲ့အခါ မိတ်ဆွေရယ်လို့ သတ်မှတ်ခေါ်ဆိုလာကြပါတယ်... ဒါပေမဲ့ ကိုယ်နဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတိုင်း မိတ်ဆွေစစ် မိတ်ဆွေကောင်းရယ်လို့ မဆိုသာပါဘူး... သူတို့ကြားထဲမှာ မိတ်ဆွေအတုအယောင်တွေလည်း ရောဝင်နေကြမှာပါပဲ... ဒါကြောင့် မိတ်ဆွေတုတွေမှာ ဘယ်လိုအမူအကျင့်တွေရှိသလဲဆိုတာကို သိထားဖို့လိုလာပါတယ်...

ဗုဒ္ဓကျမ်းဂန်များရဲ့အဆိုအရဆိုရင် မိတ်ဆွေတု ၄ မျိုးရှိပါတယ်...

ပထမတစ်မျိုးကိုတော့ အညဒတ္ထုဟရမိတ် လို့ခေါ်ပါတယ်.. ယူသာယူတတ်သောမိတ်ဆွေ လို့ အဓိပ္ပာယ်ရပါတယ်... သူကကိုယ့်ကို ကူညီပေးကမ်းမယ့်သူမဟုတ်ဘဲ ရရင် ရသလောက်ယူမယ်ဆိုတဲ့ စိတ်ရှိတဲ့ လူမျိုးတွေပါ... သူတို့ဟာ ကိုယ့်ကိုပေးဖို့မစဉ်းစားဘဲ ကိုယ့်ဆီကရတိုင်း ရသလောက်ယူကြပါတယ်... တစ်ခါတစ်လေ နည်းနည်းပဲပေးပြီး များများပြန်ယူတတ်ကြပါတယ်... မလွှဲမရှောင်သာတဲ့အခါမျိုးမှသာ ကိုယ့်ကိုကူညီဆောင်ရွက်တတ်ပါတယ်... ကိုယ်ကျိုးကိုသာကြည့်ပြီးပေါင်းတတ်တဲ့ မိတ်ဆွေမျိုးကို ဒီအမျိုးအစားထဲထည့်နိုင်ပါတယ်...

ဒုတိယတစ်မျိုးကတော့ ၀စီပရမမိတ် ဖြစ်ပါတယ်... နှုတ်ဖြင့်သာလျှင်ပေးတတ်သော မိတ်ဆွေကိုဆိုလိုခြင်းဖြစ်ပါတယ်... ပေးကမ်းကူညီတဲ့အခါမှာ လက်မပါဘဲ ပါးစပ်ကနေပဲ စကားအဖြစ်ကူညီတတ်တဲ့မိတ်ဆွေမျိုးဖြစ်ပါတယ်... သူတို့လောကွတ်ပြုပုံတွေကတော့ အတိတ်ကကူညီခဲ့ဖူးတာတွေကို ပြန်ပြောင်းပြောဆိုပြီးဖြစ်ဖြစ်.. အနာဂတ်မှာဘယ်လိုကူညီမယ်ဆိုပြီး မျှော်လင့်ချက်ပေးတဲ့ စကားတွေပြောတာပဲဖြစ်ဖြစ်.. တကယ်မလိုအပ်တဲ့သူကို ကူညီရမလားဆိုပြီး လောကွတ်ပြုမေးတာဖြစ်ဖြစ်... တစ်ခါတစ်လေမိမိအခက်အခဲတွေ ဆုံးရှုံးမှုတွေကို ပြောဆိုပြီးအကူအညီမပေးနိုင်ကြောင်း ဝမ်းနည်းကြောင်းပြောဆိုတာမျိုးပဲဖြစ်ဖြစ်လုပ်တတ်တဲ့ မိတ်ဆွေမျိုးတွေပါပဲ...တကယ့်တကယ်ကူညီရမယ်ဆိုရင်တော့ နှမ်းတစ်စေ့စာလောက်တောင် ထွက်မလာတတ်တဲ့သူမျိုးတွေပါ...


တတိယတစ်မျိုးကတော့ အနုပီယတာဏီမိတ် လို့ခေါ်ပါတယ်... အကြိုက်ကိုလိုက်ပြီးပြောတတ်သောမိတ်ဆွေလို့ ဆိုနိုင်ပါတယ်... ရှေ့မှာတော့ချစ်ခင်သယောင်ပြပြီး အလိုက်သင့်ပေါင်းတတ်တဲ့ မိတ်ဆွေမျိုးဖြစ်ပါတယ်... ကိုယ်က ကောင်းမှုကို လုပ်မယ်ဆိုလည်း ထောက်ခံလိုက်လျောပါတယ်... မကောင်းမှုကို လုပ်ချင်တယ်ဆိုလည်း ကူညီအားပေးပါတယ်.. ရှေ့မှာတော့ မြှောက်ပင့်စကားအမြဲဆိုတတ်ပြီး ကွယ်ရာရောက်ရင် ပြစ်တင်ရှုတ်ချတတ်တဲ့ မိတ်ဆွေအမျိုးအစားဖြစ်ပါတယ်...

စတုတ္ထမိတ်ဆွေတုကတော့ အပါယသဟာယမိတ် လို့ခေါ်တဲ့ ပျက်စီးကြောင်း၌အပေါင်းအဖော်ဖြစ်သော မိတ်ဆွေမျိုးဖြစ်ပါတယ်... ယုတ်မာတဲ့အမှု မကောင်းတဲ့အမှုတွေလုပ်အောင်လို့ အမြဲဆွဲဆောင်သိမ်းသွင်းနေတဲ့ မိတ်ဆွေမျိုးကိုဆိုလိုတာပါ... မူးယစ်သောက်စားဖို့ဆွဲဆောင်သိမ်းသွင်းအဖော်ပြုတဲ့သူ... ညအချိန်လမ်းသလားဖို့ခေါ်တဲ့သူ... ပွဲလမ်းသဘင်မှာပျော်ပါးဖို့... လောင်းကစားလုပ်ဖို့... ခိုးဝှက်ဖို့ စတဲ့မကောင်းတဲ့အလုပ်တွေလုပ်ချင်လာအောင်ဆွဲဆောင်သိမ်းသွင်းလေ့ရှိတဲ့ မိတ်ဆွေမျိုးဖြစ်ပါတယ်...


ဒီမိတ်ဆွေတုလေးမျိုးဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ရောနှောဝင်ရောက်နေကြပါတယ်... သူတို့ရဲ့အမူအကျင့်တွေဟာ သိသိသာသာပဲဖြစ်ဖြစ် မသိမသာဘဲဖြစ်ဖြစ် ထုတ်ဖော်လှစ်ဟ လာတတ်ပါတယ်...

စာဖတ်သူတို့အနေနဲ့လည်း မိမိရဲ့ မိတ်ဆွေစာရင်းမှာ ဒီလိုမိတ်ဆွေတုတွေဘယ်နှစ်ယောက်လောက်ရှိနေပြီလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ပါတယ်.... ဒီလိုလူတွေကိုလည်း တတ်နိုင်သလောက် ကိုယ်ပေါင်းစိတ်ခွာ နေထိုင်ရပါမယ်...

ကိုယ်တိုင်ကော မိတ်ဆွေတုအမျိုးအစားဝင်တစ်ေ
ယာက်ဖြစ်နေပြီလား.... ဒီလိုဆိုရင်တော့ အချိန်မီပြင်ဆင်ရမှာဖြစ်ပါတယ်... မိတ်ဆွေတုဆိုတာ ကိုယ့်အပေါ် ကိုယ့်ရဲ့ဘဝတိုးတက်မှုအပေါ် ဘယ်လိုမှ ကောင်းရာကောင်းကျိုးမဖြစ်စေတဲ့ သူတွေဖြစ်တဲ့အတွက် ကိုယ်တိုင်လည်းမိတ်ဆွေတုမဖြစ်အောင်.... မိတ်ဆွေတုတွေကိုလည်း ဝေးရာကရှောင်နိုင်အောင် ကြိုးစားနေထိုင်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်...
-------------------------------------------------------------
#နှိုင်းရင့်နွေ

No comments:

Post a Comment