မျက်မြင်နိမိတ်

မြန်မာတွေတော်တော်များများက အတိတ်နိမိတ်တွေကို အလေးထားကြပါတယ်... အတိတ်နိမိတ်တွေပေါ်မူတည်ပြီး ဘာတွေဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေပေါ်မှာလည်း ယုံကြည်ကြပါတယ်... ကောင်းကင်က နေ၊ လ၊ ကြယ်နဲ့ နက္ခတ်တာရာတွေရဲ့ တစ်စုံတစ်ရာသော ပြောင်းလဲမှုက လူသားတွေအပေါ်လွှမ်းမိုးမှုရှိတယ်လို့လည်းယုံကြည်ကြပါတယ်... "သောကြာဂြိုလ်ကြီး၊ လနဲ့နီး၊ ပြည်ကြီးပျက်လတ္တံ" ဆိုတဲ့ တဘောင်တွေအပေါ်ယုံကြည်ခဲ့ကြသလို "လကိုကြယ်ဖောက်၊ ဂျပန်ရောက်" ဆိုပြီး သောကြာကြယ်နဲ့ လရဲ့အနေအထားပေါ်မူတည်ပြီး သမိုင်းမှာတကယ်ဖြစ်ခဲ့တယ်လို့ ရှေးလူကြီးများရဲ့ ပြောဆိုမှုကတစ်ဆင့် မှတ်သားဖူးပါတယ်... တလောက ရွှေတိဂုံစေတီတော်ကြီးပေါ် လင်းတများနားတဲ့သတင်းဟာလည်း အုန်းအုန်းကြွက်ကြွက်ဖြစ်သွားပါသေးတယ်...
ဒီသတင်းကိုဖော်ပြတဲ့ ဂျာနယ်များသာမကဘဲ ဒီသတင်းကို စာရွက်ပိုင်းလေးနဲ့
ရေးသားဖြန့်ဝေတဲ့ မိတ္တူလေးတွေတောင် စံချိန်တင် အရောင်းသွက်ခဲ့ကြပါတယ်...
online မှာလည်း ဒီအကြောင်းကို အမြင်အမျိုးမျိုးနဲ့ ပြောဆိုရေးသားကြတဲ့အတွက်
လူစိတ်ဝင်စားတဲ့ topic တစ်ခုအဖြစ် အချိန်အတိုင်းအတာတစ်ခုအထိ
ရပ်တည်နိုင်ခဲ့ပါတယ်... ဆိုလိုတာကတော့ လူတွေဟာ အထူးသဖြင့် မြန်မာတွေဟာ
အတိတ်နိမိတ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု ပြင်းထန်ကြတယ်...
စိတ်ဝင်စားမှုပိုကြတယ်ဆိုတာပါပဲ... အဲ့ဒီအတိတ်နိမိတ်တွေ သတ်မှတ်ကြပုံအကြောင်းကိုကော ကျွန်တော်တို့ ဘယ်လောက်သိထားကြပါပြီလဲ... အတိတ်နိမိတ်တွေနဲ့ပတ်သက်ပြီး မှတ်သားဖူးတဲ့အကြောင်းလေးတွေကို ဒီနေရာမှာဖော်ပြပေးလိုက်ပါတယ်....
ပထမဆုံး နိမိတ်ဆိုတာကို အရင်ပြောပါ့မယ်... နိမိတ်ဆိုတာ ပါဠိစကား နိမိတ္တ
ကနေ ဆင်းသက်လာတာဖြစ်ပါတယ်... ဖြစ်လတ္တံသော အနာဂတ်ရေး၏ အကြောင်းကို
အရိပ်လက္ခဏာ ကြိုပြနှင့်ခြင်း... ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊
ပျက်မည်စသည်တို့ကို ကြိုတင်သိစေနိုင်သော အကြောင်း အမှတ်လက္ခဏာ... ဆိုပြီး
အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်...
နောက်တစ်ခုကတော့ အတိတ်ဖြစ်ပါတယ်... အတိတ်ကလည်း ပါဠိစကား အတီက ကနေဆင်းသက်လာတာဖြစ်ပါတယ်... အဓိပ္ပာယ်ကတော့ ဖြစ်ပြီးသော အကြောင်းကိုချင့်ချိန်ထောက်ဆပြီး
နောင်အနာဂတ်မှာ မည်ကဲ့သို့ဖြစ်မည်ကို ကြိုတင်ပြောနိုင်သော
အကြောင်းခြင်းရာ.... နောင်ဖြစ်ပျက်မည့် အခြင်းအရာ၏ ရှေ့ပြေးလက္ခဏာ...
လို့ဆိုပါတယ်....
နောက် တဘောင် ဆိုတာကတော့ တံဘာသ ဆိုတဲ့ ပါဠိကနေ
ဆင်းသက်လာတာဖြစ်ပြီး တံ-ထို.. ဘာသာ-ပြောဆိုခြင်း... လို့ အဓိပ္ပာယ်ရပါတယ်...
သူငယ်၊ သဘင်သည်၊ သူရူးတို့ ပြောဆိုကြတဲ့စကားကို တဘောင်အဖြစ်
သတ်မှတ်ကြပါတယ်...
ဒါကြောင့် "မျက်မြင်နိမိတ်၊
တိတ်မှာလက်ဆောင်၊ အသံမှာတဘောင်" လို့မှတ်သားကြပါတယ်... မျက်စိနဲ့
တွေ့မြင်ကြရတဲ့ လက္ခဏာအမှတ်အသားတွေကို နိမိတ်အဖြစ်သတ်မှတ်ပြီး၊
ရရှိတဲ့လက်ဆောင်တွေကတစ်ဆင့် အတိတ်အဖြစ်ကောက်ယူကြကာ၊ ကြားရတဲ့အသံတွေကို တဘောင်လို့ သတ်မှတ်ကြပါတယ်...
နောက်ထပ်တစ်ခုကတော့ စနည်း ဖြစ်ပါတယ်.... စံနယ ဆိုတဲ့ ပါဠိကလာတာပါ... ရှေ့ပြေးနိမိတ်အဖြစ်အော်မြည်သံ.... ဖြစ်လာမည့် အဖြစ်ကို ခံယူဖို့ပြခြင်း... လို့ဖွင့်ဆိုကြပါတယ်... စနည်းနာတယ်ဆိုတဲ့ အသုံးအနှုန်းက ဒီကလာတာဖြစ်ပါတယ်...
နောက်တစ်မျိုးခွဲခြားထားတာကတော့
မိမိနေတဲ့အရပ်ရဲ့ တောင်ဘက်ကကြားရတဲ့အသံကို စနည်း လို့ သတ်မှတ်ပြီး
မိမိနေတဲ့အရပ်ရဲ့ မြောက်ဘက်ကကြားရတဲ့အသံကို တဘောင် အဖြစ် သတ်မှတ်ကြပါတယ်..
ဘယ်လိုပဲသတ်မှတ်စေကာမူ ဒီအကြောင်းခြင်းရာတွေဟာ အနာဂတ်ကို
ခန့်မှန်းပြောဆိုဖို့ အသုံးပြုကြတာဖြစ်ပါတယ်....
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဘဝေါ ဆိုတာဖြစ်ပြီး... နတ်များကပူးဝင်ပြောဆိုတဲ့ အကြောင်းအရာကို ခေါ်ဆိုတယ်လို့ သိရပါတယ်....
--------------------------------------------------------------
#နှိုင်းရင့်နွေ
No comments:
Post a Comment