Thursday, August 4, 2016

မှန်ကန်စွာမှားယွင်းနိုင်ပါစေ...


လူတွေက အမှားလုပ်မိမှာစိုးတတ်ကြပါတယ်... အဓိကကတော့ မှားသွားတဲ့အခါ အပြစ်တင်ခံရမှာကို စိုးရိမ်ကြတာပါပဲ... ကိုယ့်မှားယွင်းမှုရဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူရမှာကို စိုးရိမ်တတ်ကြပါတယ်... အဲ့ဒီအတွေးအခေါ်ဟာ ငယ်ငယ်ကလေးက စလာတာပါ... မိဘတွေ ဆရာတွေရဲ့ သွန်သင်မှုမှာလည်း အမှားလုပ်မိတာနဲ့ အပြစ်ပေးခံကြရတာများပါတယ်... ဒီလိုပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ကြီးပြင်းလာတဲ့အခါ အမှားလုပ်မိမှာကြောက်လာပါတယ်... လူအများဝေဖန်ခံရမှာလည်း စိုးပါတယ်... ကိုယ်တစ်ခုခုလုပ်လိုက်လို့ မှားယွင်းချွတ်ချော်သွားခဲ့ရင်ဆိုတဲ့စိတ်က အမြဲလိုလိုကြီးစိုးနေကြပါတယ်... ကိုယ့်စိတ်ထဲရှိသမျှကိုလည်း ပြောရဲဆိုရဲမရှိတော့ပါဘူး...

ကျောင်းသားတွေကလည်း စာသင်တဲ့အချိန် စာမေးခံလိုက်ရတာတို့... ထပြီးဆွေးနွေးခိုင်းတာတို့ဆိုရင် သူတို့ကို အပြစ်ပေးခံလိုက်ရသလို စိတ်ပျက်စိတ်ညစ်သွားတတ်ကြပါတယ်... မြန်မာဖိုရမ်တွေမှာလေ့လာကြည့်ရင်လည်း မှားယွင်းသွားမှာစိုးလို့ မပြောရဲ မဆိုရဲ မဆွေးနွေး မရေးသားရဲတာတွေ ဖြစ်နေတာနဲ့တင် အသက်မဝင်ကြတာများပါတယ်... အထူးသဖြင့် နည်းပညာဖိုရမ်တွေမှာပါ... အလုပ်လုပ်ရာမှာလည်း အတူတူပါပဲ... ကိုယ်အမှားလုပ်မိမှာကို ကြောက်ကြသလို သူများအမှားလုပ်မိရင်လည်း အပြစ်ဆိုတတ်ကြပါတယ်... တကယ်တော့ အလုပ်လုပ်ပြီဆိုတာနဲ့ အမှားက ပါဖို့များပါတယ်... ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင်အောင်မလုပ်နိုင်ပါဘူး... အလုပ်များများလုပ်လေလေ မှားယွင်းနိုင်ခြေပိုများလေလေပါပဲ.. ဘာမှမလုပ်တဲ့သူကတော့ ဘာမှမှားမှာမဟုတ်ပါဘူး... ဒါကြောင့် ဘာမှ မမှားဘူးဆိုရင် သူတစ်ခုခုမှားနေတာသေချာပါပြီ... လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးဆိုတာလည်း အမှားတစ်ရပ်ပါပဲ...

မမှားသောရှေ့နေ မသေသောဆေးသမား မရှိဘူးလို့ ဆိုထားကြပါတယ်... ဥပဒေပညာကိုတစ်ဖက်ကမ်းခတ်တတ်မြောက်လို့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ရှေ့နေတွေလည်းမှားတတ်သလို ဆေးပညာတစ်ဖက်ကမ်းခတ် တတ်မြောက်လို့ ဆေးကုသနေတဲ့သမားတောတွေလည်း မှားတတ်ပါတယ်... မှားယွင်းလို့ အသက်ပေးခဲ့ရတာတွေလည်း ခေတ်အဆက်ဆက်ရှိခဲ့ပါတယ်... အဲ့လိုမှားယွင်းတိုင်းသာ ဖယ်ရှားရှင်းလင်းရမယ်ဆိုရင် လောကကြီးမှာ လူတစ်ယောက်မှကျန်တော့မှာမဟုတ်ပါဘူး... အက်ဒီဆင်လည်း အမှားကို အကျိုးရှိရှိအသုံးချခဲ့ပါတယ်... အမှားအခါတစ်ထောင်လုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်တဲ့နည်းလမ်းတစ်ထောင်ကိုရှာဖွေတွေ့ရှိခဲ့တာပါပဲ... မဖြစ်နိုင်တာကို မဖြစ်နိုင်မှန်းသိတာကလည်း အမှန်တရားတစ်ခုပါပဲ... အမှားကို အမှားမှန်းမသိအောင် မှားတဲ့သူ... ဘယ်လိုပြင်ပြင် ပြင်မရအောင်မှားတဲ့သူ တစ်နည်းအားဖြင့် အမှားတွေနဲ့ အသားသေနေတဲ့သူမျိုးဖြစ်နေရင်တောင် တခြားသူတွေအတွက် အမှားသရုပ်ပြဖြစ်သွားနိုင်ပါတယ်... တစ်မျိုးကြည့်မယ်ဆိုရင် အမှန်တရားအတွက် တိုင်းတာစရာစံတစ်ခုဖြစ်သွားတာပါပဲ... ဆိုလိုတာကတော့ အသုံးမဝင်တဲ့ အမှားမျိုးဆိုတာမရှိပါဘူး... အမှားတိုင်းအသုံးဝင်နေရင် မှားယွင်းမှာကိုကြောက်စရာမလိုတော့ပါဘူး... အမှားကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကိုတော့ ထည့်သွင်းတွက်ချက်ဖို့လိုပါလိမ့်မယ်....

အမှားလုပ်တဲ့သူဟာ စွန့်ဦးတီထွင်သူလည်းဖြစ်ပါတယ်... လူ့ဘောင်လောကကြီးတစ်ခုလုံး... လူသားတွေရဲ့ယုံကြည်မှု တစ်ခုလုံးနဲ့ ပြောင်းပြန်တွေးခေါ်သူဟာ မှားယွင်းတယ်လို့ပြောရင် လူတိုင်းကလက်ခံကြမယ်ထင်ပါတယ်... ဒါပေမဲ့ လူတွေရဲ့ အသိတရားတွေ လူတွေရဲ့ယုံကြည်မှုတွေမှားယွင်းကြောင်း သိပ္ပံပညာရဲ့ ဆင့်ကဲဆင့်ကဲတိုးတက်မှုက ခေတ်အဆက်သက်သေထူခဲ့ပါတယ်... အမှားထဲက အမှန်တရားတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်... ကမ္ဘာကြီးပြားရာက လုံးလာခဲ့ပါတယ်... နေက ကမ္ဘာကိုပတ်ရာကနေ ကမ္ဘာကနေကိုပတ်ခဲ့ပါတယ်... သားစိမ်းငါးစိမ်းစားတဲ့သူတွေကြားမှာ မီးလောင်ထားတဲ့တိရိစ္ဆာန်အသေတစ်ကောင်ကို လူတစ်ယောက်ကမှားယွင်းပြီး စားမိခဲ့ပါတယ်... အဲ့ဒီမှာ ချက်ပြုတ်စားသောက်ခြင်းဆိုတဲ့ လူ့ယဉ်ကျေးမှုတိုးတက်လာပါတယ်... လူတွေလေထဲမှာပျံသန်းလို့ရတယ်... လကမ္ဘာဆီသွားလို့ရတယ်ဆိုတာတွေဟာ မှားယွင်းတဲ့ယုံကြည်မှုတွေ ဖြစ်ကောင်းဖြစ်ခဲ့ပါမယ်... အဲ့ဒီအမှားတွေကတစ်ဆင့် ခေတ်သစ်သိပ္ပံပညာရပ်တွေအဖြစ် တိုးတက်ခဲ့ပြန်ပါတယ်...

အမှားများများလုပ်ခဲ့တဲ့သူတွေဟာ အတွေ့အကြုံပိုရှိပါတယ်... ပိုရင့်ကျက်ကြပါတယ်... လောကဓံကိုလည်းခံနိုင်ရည်ပိုရှိပါတယ်... ဒါကြောင့်လူကြီးသူမတွေရဲ့ အကြံပြုချက်တွေကို လေးစားလိုက်နာကြရပါတယ်... လူငယ်တွေအနေနဲ့လည်း အမှားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲရပါမယ်... ကိုယ့်ကြောင့်မှားတဲ့အမှားကိုလည်း တာဝန်ယူတတ်ရပါမယ်... အမှားတစ်ခုလုပ်မိရုံနဲ့ ဘဝကို လက်မြှောက်အရှုံးပေးပြီး ထွက်ပြေးသွားစရာမလိုပါဘူး... ထပ်ပြီးကြိုးစားရပါမယ်.... ဒီကနေ့ တိုးတက်အောင်မြင်ကြီးပွားနေတဲ့သူတိုင်း ကျရှုံးခဲ့ရတဲ့ မှားယွင်းခဲ့မိတဲ့ အချိန်ကာလဆိုတာ ရှိခဲ့တာချည်းပါပဲ... အဲ့ဒီအခြေအနေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ပြန်ကြိုးစားနိုင်လို့သာ အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်နေကြရတာပါ... ဘယ်တော့မှ မမှားတဲ့သူဆိုတာမရှိပါဘူး... အတုမရှိတဲ့ ဘုရားရှင်တောင်မှ မှားယွင်းတဲ့အကျင့်ကို ခြောက်နှစ်လုံးလုံးကျင့်ခဲ့မိပါသေးတယ်... မှားပြီးရင် ပြန်ထဖို့... အမှန်ကိုပြင်ဆင်ဖို့က အရေးကြီးဆုံးအပိုင်းပါပဲ...

အမှားလုပ်မိတာဟာရှက်စရာလည်းမဟုတ်ပါဘူး... အပြစ်တင်စရာ ဝေဖန်ရှုတ်ချစရာလည်းမဟုတ်ပါဘူး... ကိုယ့်အမှားကိုဝေဖန်ထောက်ပြရင်လည်း ဒေါသထွက်စရာမလိုပါဘူး... အမှားကိုအမှားမှန်းသိတာနဲ့ ပြင်ဖို့လိုပါတယ်... ကိုယ်မှားတာကိုဝန်ခံဖို့လိုပြီး ကိုယ့်အမှားကိုယ်တာဝန်ယူဖို့လိုပါတယ်... မှားယွင်းမှုတွေကို ဖုံးကွယ်ပြီး ရပ်တည်မယ်ဆိုရင်လည်း ရေရှည်မရပ်တည်နိုင်ပါဘူး... အချိန်တန်ရင် အကုန်လုံးပေါ်လာမှာပါပဲ... အမှားကို အမှန်အတိုင်းလက်ခံဖို့လိုပါတယ်... ရိုးသားမှုရှိရပါမယ်... အမှားတွေကို မလုပ်မိအောင် ရှောင်နေစရာမလိုပါဘူး... မှားယွင်းမှုဟာ တိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ... ကိုယ့်ဘဝကိုယ်တိုးတက်လိုသူတိုင်း အမှားလုပ်ဖို့ ဝန်မလေးသင့်ပါဘူး... တမင်တကာလုပ်တဲ့ အမှားမဖြစ်ဖို့ပဲ အရေးကြီးတာပါ... ကိုယ့်အမှားကြောင့် တစ်ပါးသူထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ပဲ လိုပါတယ်... အဲ့ဒီတော့ အလုပ်လုပ်ကိုင်ကြ ကြိုးစားကြတဲ့အခါ အမှားလုပ်မိမှာမကြောက်ကြပါနဲ့... မှားပါစေ... ရဲရဲဝံ့ဝံ့လုပ်ပါ... ကိုယ့်အမှားကိုလက်ခံပါ... ဝန်ခံပါ... တာဝန်ယူပါ... ပြီးရင်တော့ အမှားတွေကိုပြင်ဆင်ကြပါ... မှားယွင်းမှုတွေမှန်ကန်ဖို့... တစ်နည်းအားဖြင့် မှန်ကန်စွာမှားယွင်းဖို့အရေးကြီးပါတယ်... အားလုံးပဲ အမှားတွေကို အကျိုးရှိရှိအသုံးချပြီး တိုးတက်အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ....

-------------------------------------
#နှိုင်းရင့်နွေ

No comments:

Post a Comment