ရွေ့နေသောကျောက်တုံးများ

ရွေ့နေသောကျောက်တုံးများ (သို့မဟုတ်) Racetrack Playa
----------------------------------------------------------------
ဒီနေရာလေးကတော့ ကယ်လီဖိုးနီးယား Death Valley မှာရှိတဲ့ Racetrack Playa ပဲဖြစ်ပါတယ်...
ဒီနေရာလေးဟာ သိပ္ပံပညာဆိုင်ရာ အငြင်းပွားမှုတွေရဲ့ ဗဟိုချက်မအဖြစ် ဆယ်စုနှစ်များစွာနေရာယူထားပါတယ်...
ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ အရေအတွက်တော်တော်များများရှိတဲ့
ကျောက်တုံးကျောက်ခဲကြီးတွေ (တစ်ချို့ဆိုရင် အလေးချိန်
တန်ဝက်လောက်ရှိပါတယ်) ဟာ ဘယ်လူသား ဘယ်တိရိစ္ဆာန်ရဲ့ လုပ်ဆောင်ချက်မှမပါဘဲနဲ့
အံ့သြဖွယ်ကောင်းလောက်အောင် မြေပြင်ပေါ်မှာရွေ့လျားနေလို့ပါပဲ...
ဒီကျောက်တုံးကျောက်ခဲတွေဟာ နည်းနည်းလေးပဲရွေ့နေတာလည်းမဟုတ်ပါဘူး.... ကျောက်တုံးတစ်ခုရဲ့ လမ်းကြောင်းဟာဆိုရင် ၈၈၀.၇၃ မီတာ အထိရှိတယ်လို့ မှတ်တမ်းတင်ထားခဲ့ကြပါတယ်....
တစ်ချို့သိပ္ပံပညာရှင်တွေက အပူချိန်ကျဆင်းတဲ့အခါ ရေခဲထုရဲ့ မျက်နှာပြင်ကျယ်ပြန့်လာမှုကြောင့် ပြင်းထန်တဲ့လေတွေတိုက်ခတ်စေပြီး ကျောက်ခဲတွေကို ဒီလိုရွေ့လျားစေတယ်လို့ အဆိုပြုထားပါတယ်...
သူတို့အဆိုအရတော့ ရေခဲပြင်ကျယ်ပြန့်လာမှုဟာ ကျောက်ခဲတွေကို
အခက်အခဲမရှိရွေ့စေတဲ့ လေကိုဖန်တီးပေးပါတယ်... ဒီအဆိုကို အများစုကတော့
ကန့်ကွက်ကြပါတယ်... ဒီအဆိုဟာ ကပ်လျက်တည်ရှိနေတဲ့ ကျောက်ခဲတွေဟာ
မတူညီတဲ့နှုန်း ကွဲပြားတဲ့ဦးတည်ရာအတိုင်းရွေ့လျားနေတာရယ်... ကျောက်ခဲတွေရဲ့လမ်းကြောင်းဟာ ဦးတည်ရာအမျိုးမျိုးနဲ့ အလျားအမျိုးမျိုးဖြစ်နေတာရယ်ကို ရှင်းပြနိုင်ခြင်းမရှိပါဘူး...
တစ်ချို့ကျောက်ခဲတွေဟာ တစ်လုံးနဲ့တစ်လုံးအပြိုင်ရွေ့လျားပါတယ်.... ဒါပေမဲ့ တစ်လုံးလုံးက ရုတ်တရက် ဘေးဘယ်ညာကိုရွေ့သွားတာမျိုး ဒါမှမဟုတ် သူစတင်ထွက်လာတဲ့အရပ်မျက်နှာကို နောက်ပြန်ရွေ့တာမျိုးလည်း ဖြစ်ရင်ဖြစ်သွားပါတယ်... ဦးတည်ရာအရပ်အမျိုးမျိုးဖြစ်သလို
လမ်းကြောင်းအရှည်ကလည်း တစ်သမတ်ထဲမဟုတ်ပါဘူး... အရွယ်တူ ပုံစံတူ
ကျောက်ခဲတွေက တူတူရွေ့လျားတတ်သလို တစ်လုံးလုံးက ရှေ့ကိုတိုးထွက်သွားတာမျိုး လုံးဝရပ်တန့်သွားတာမျိုးလည်း ဖြစ်နိုင်လို့ပါပဲ....
နောက်အဆိုတစ်ရပ်ကတော့ နောက်ထပ်အားတစ်မျိုးဖြစ်တဲ့ လျှပ်စစ်သံလိုက်ဓာတ်တွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်.... တောင်ကြားကိုဖြတ်တိုက်လာတဲ့လေဟာ အဖိုဓာတ်အားကို သွင်းပေးပါတယ်... ဒီလေတွေဟာ တောင်ကြားကိုဝင်နိုင်ဖို့ အမြင့်ဆုံးတောင်တွေပေါ်ကဖြတ်လာတာဖြစ်ပြီး
တောင်အမြင့်ပေါ်မူတည်ပြီး အဖိုဓာတ်အားကလည်း တိုးမြင့်လာပါတယ်...
လေထဲကလျှပ်စစ်အားက မြေပြင်မှာ ဆန့်ကျင်ဘက်အမဓာတ်အားတွေဖြစ်အောင် ပြုလုပ်ပေးပြီး သူတို့ကြားမှာလည်း လျှပ်စစ်ဓာတ်အား ခြားနားမှုကိုဖြစ်ပေါ်စေပါတယ်.... ကယ်လ်စီယမ်၊ မက်ဂနီစီယမ်တို့ပါဝင်ပြီး တစ်ခါတစ်လေမှာ သံပါဝင်တဲ့အရိပ်အယောင်ပါတွေ့ရတဲ့ ဓာတ်သတ္တုကျောက်ခဲတွေဟာ လျှပ်ကူးပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်... အဲ့ဒီဓာတ်သတ္တုတွေဟာ မြေမျက်နှာပြင်နဲ့ထိတွေ့ပြီး အမဓာတ်အားတွေဝင်နေပါတယ်... ဒါကြောင့် အပေါ်မှာရှိတဲ့ လေထဲကအဖိုဓာတ်အားတွေရဲ့ဆွဲဆောင်မှုကို ခံရပါတယ်... ဒါကြောင့် ဒီကျောက်ခဲတွေဟာ သူတို့အပေါ်သက်ရောက်နေတဲ့ အားအပေါ်မူတည်ပြီး ရွေ့လျားမှုတွေဖြစ်နေရခြင်းပါပဲ... သက်ရောက်နေတဲ့ လျှပ်စစ်ဓာတ်အားကြောင့် ကျောက်ခဲကိုအပေါ်ကိုတွန်းတင်တဲ့အားမျိုးဖြစ်ပေါ်စေပြီး ကမ္ဘာ့ဆွဲအားကြောင့်ဖြစ်တဲ့ ပွတ်တိုက်မှုကို လျော့ကျစေတဲ့အတွက် ရွေ့လျားမှုကို အလွယ်တကူဖြစ်စေတာပါပဲ....
ဒီအဆိုကလည်း စိန်ခေါ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရဆဲပါပဲ... နာဆာရဲ့ လနှင့်ဂြိုလ်တုဆိုင်ရာသိပ္ပံအကယ်ဒမီက အထူးအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က Racetrack Playa ကိုလာပြီး လေ့လာစူးစမ်းခဲ့ပါတယ်...
သူတို့တွေ့ရှိခဲ့တာကတော့ အဲ့ဒီမှာ ကျောက်တုံးတွေကို ရွေ့လျားစေနိုင်လောက်တဲ့ လျှပ်စစ်သံလိုက် ဒါမှမဟုတ် တခြားလှိုင်းဖြာထွက်မှုအခြေအနေမျိုး မရှိဘူးဆိုတာပါပဲ... ဒါ့အပြင် သူတို့ဟာ ဒီရွေ့လျားကျောက်တုံးတွေရဲ့ ဒြပ်ထု၊ ဦးတည်ရာနဲ့ အရပ်မျက်နှာသတ်မှတ်မှုဆိုင်ရာ စံပြုအချက်အလက်တွေမရှိဘူးဆိုတာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်....
သိပ္ပံပညာရှင်အသိုင်းအဝိုင်းက ရှင်းလင်းပြောဆိုခဲ့တဲ့ တခြားအချက်အလက်အမြောက်အမြားလည်းရှိပါသေးတယ်.... ဒါပေမဲ့ အခုအချိန်အထိ ဘယ်တစ်ခုကမှ အတည်တကျလက်ခံမှတ်ယူနိုင်ခြင်း မရှိသေးပါဘူး....
-----------------------------------
#နှိုင်းရင့်နွေ
Ref: Amazing Facts
No comments:
Post a Comment