Friday, July 29, 2016

ဘေးစကား


သင့်ဘဝမှာ တွေ့ကြုံလာမယ့် အရာအားလုံးအတွက် တာဝန်အရှိဆုံးသူဟာ သင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို သင်သိထားဖို့လိုပါတယ်... တခြားသူတွေက ဘယ်လိုပဲ အကြံပေးညွှန်ပြနေကြပေမဲ့ တကယ့်တကယ်လက်တွေ့ရင်ဆိုင်ဖြတ်သန်းရမယ့်သူကတော့ သင်ကိုယ်တိုင်ပါပဲ... သင့်ရဲ့ ဆုံးဖြတ်ချက်၊ သင့်ရဲ့လုပ်ဆောင်ချက်တွေကပဲ သင့်ဘဝကို ပုံဖော်နေတာဖြစ်ပါတယ်... 

သင့်ကိုအကြံဥာဏ်တွေပေးနေကြသူတွေဟာ သင့်အခြေအနေကို သင့်လောက်သိချင်မှသိပါလိမ့်မယ်... ဥာဏ်အမျှော်အမြင်နဲ့ ဘဝအတွေ့အကြုံအရ လမ်းညွှန်မှုပေးနိုင်တဲ့သူတွေရှိသလို မိမိအလိုပါလာအောင် တစ်ဖက်သတ်တွန်းအားပေးတတ်တဲ့သူတွေလည်း ရှိကြပါတယ်... ပတ်ဝန်းကျင်က ဘယ်လိုပဲ အကြံပေးတိုက်တွန်းနေပေမဲ့ တကယ်ဆုံးဖြတ်ရမှာ သင်ဖြစ်သလို ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ခါးစည်းခံရမှာကလည်း သင်ပဲဖြစ်ပါတယ်...

သင့်ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီဆိုရင်တော့ သင့်မှာခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေရှိနေပြီလို့ ဆိုနိုင်ပါတယ်... ခေါင်းဆောင်ကောင်းတွေဟာ တခြားသူတွေရဲ့ အကြံပေးချက်ကို နားထောင်တတ်ပေမဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင် ချမှတ်နိုင်တဲ့သူများလည်း ဖြစ်ကြပါတယ်... မဆုံးဖြတ်ခင်မှာ နားထောင်တတ်ကြပေမဲ့ မိမိဆုံးဖြတ်ချက်ချမှတ်ထားတဲ့ ကိစ္စအပေါ်မှာ တခြားသူတွေရဲ့ အမြင်နဲ့ အကြံပြုချက်တွေ တောင်းနေမှာမဟုတ်ပါဘူး...

ဘဝမှာ အောင်မြင်တိုးတက်ချင်တဲ့သူတွေဟာ မိမိရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းတဲ့နေရာမှာ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့လိုပါတယ်... သင့်ကိုလမ်းညွှန်အကြံပေးတဲ့သူဟာ သက်ဆိုင်ရာနယ်ပယ်မှာ တကယ်အတွေ့အကြုံရှိတဲ့သူ၊ ကျွမ်းကျင်တဲ့သူ ဟုတ်မဟုတ်ဆိုတာကို နှိုင်းယှဉ်သုံးသပ်ဖို့လိုပါတယ်... အကြံပေးတဲ့သူတွေဟာ သင်ကြုံတွေ့နေတဲ့အခြေအနေအတိုင်း ကြုံတွေ့နေရသူတွေမဟုတ်တတ်သလို ဖြစ်လာတဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူမယ့်သူများ မဟုတ်တတ်ကြပါဘူး... ကောင်းစေချင်တဲ့ စေတနာနဲ့ အကြံပေးတဲ့တိုင်အောင် သူတို့အကြံပေးချက်တွေက ပြည့်စုံကောင်းမွန်နေမယ်လို့ အာမခံချက်မရှိပါဘူး...

ပတ်ဝန်းကျင်က အကြံပေးချက်၊ လမ်းညွှန်ချက်တွေကို ဝေဖန်စိစစ်နိုင်ဖို့အတွက် သင့်မှာလည်း လုံလောက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အရည်အချင်းရှိနေဖို့လိုပါတယ်... မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးတောက်ပအောင် အမြဲကြိုးစားပြီး မိမိကိုယ်ယုံကြည်မှုလည်း ခိုင်မာနေဖို့လိုပါတယ်.. မိမိကိုယ်အထင်ကြီးလွန်းခြင်းနဲ့ တစ်ပါးသူအပေါ်မှီခိုလွန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက်ကို လွတ်အောင်နေထိုင်ကျင့်ကြံရပါမယ်... နားထောင်တတ်တဲ့အလေ့အကျင့်ရှိဖို့လိုသလို နားမယောင်တတ်တဲ့ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားရပါမယ်...

အကြံပေးစကားတွေကို ဆုံးဖြတ်ချက်မချမီမှာ နားထောင်ပါ... ဆန်းစစ်ပါ... ဖြစ်လာမယ့်အကျိုးဆက်ကို မြင်အောင်ကြည့်ပါ... အတိုင်းအတာတစ်ခုအထိ လေ့လာဆန်းစစ်မှုတွေလုပ်ပြီးတဲ့အခါမှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကိုချလိုက်ပါ... အဲ့ဒီဆုံးဖြတ်ချက်အတိုင်း လိုက်ပါကျင့်ကြံလုပ်ဆောင်ပါ... ပတ်ဝန်းကျင်က အဖျက်စကားတွေ၊ အထင်အမြင်အယူအဆတွေ၊ သုံးသပ်ချက်တွေကို ဒီလိုအချိန်မှာ ခေါင်းထဲမထည့်ပါနဲ့... ဘေးစကားတွေအပေါ် ထိုက်သင့်သလောက်သာ အလေးထားဖို့ လိုပါလိမ့်မယ်... 

အရေးအကြီးဆုံးကတော့ သင့်ဘဝအောင်မြင်မှုအတွက် သင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်သွားဖို့သာ ဖြစ်ပါတယ်....

----------------------------------------------------------------
#နှိုင်းရင့်နွေ

No comments:

Post a Comment